မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့၊ ဘူတာမြောက်ရပ်ကွက်က ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တဲ့နေရာမှာ တင်ရှိနေတဲ့ရေတွေကို ရေစုပ်စက်တွေနဲ့စုပ်ထုတ်ပေးနိုင်ခဲ့တဲ့အတွက် ရက်ပေါင်း(၄၀)ကြာ ရေဘေးကြောင့်နေရပ်စွန့်ခွာသူတွေ နေရပ်ကိုပြန်လည်နေထိုင်လို့ရနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ရေဘေးရှောင်ပြည်သူတွေကို နေအိမ်မှာအဆင်ပြေစွာပြန်လည်နေထိုင်လို့ရအောင် ပြင်ဦးလွင်မြို့၊ တောင်ပုလတောင်တော်မှတောင်ပုလဆရာတော် အရှင်ပညာဘောဂက ဦးဆောင်မတည်ပြီး အလှူရှင်တွေရဲ့ပူးပေါင်းအားနဲ့ ရေစုပ်စက်တွေနဲ့ လူအင်အားတွေအသုံးပြုပြီး တင်ရှိရေတွေကို ပန်းလောင်မြစ်ထဲ စုပ်ထုတ်တာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။



ရေပြန်လည်ကျဆင်းရမယ့်အချိန်မှာ ရေထွက်ပေါက်မရှိဘဲ အိမ်ခြေ(၁၅၀)လောက်ဟာ ရေလှောင်ကန်ထဲရောက် သလိုဖြစ်နေပြီး နေအိမ်တွေမှာနေလို့မရလောက်အောင်ဖြစ်နေတဲ့အတွက် ရေစုပ်စက်တွေနဲ့ ရေတွေ စုပ်ထုတ်ပေးတာဖြစ်တယ်လို့ တောင်ပုလဆရာတော် အရှင်ပညာဘောဂ ကမိန့်ပါတယ်။
အခုလို တင်ရှိရေတွေကို စုပ်ထုတ်ပေးလိုက်နိုင်တာကြောင့် ရေဘေးသင့်ပြည်သူတွေဟာ အရင်အတိုင်း နေအိမ်တွေမှာပြန်လည်နေထိုင်နိုင်ပြီသလို သောက်သုံးရေအတွက် ပျက်စီးနေတဲ့ရေတွင်းရေကန်တွေကိုလည်း ပြန်လည်ပြုပြင်တာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တဲ့ ကျေးရွာအချို့ကလည်း တင်ကျန်နေတဲ့ရေတွေစုပ်ထုတ်ပေးဖို့ အကူအညီတောင်းခံတာတွေရှိနေတဲ့အတွက် ဆက်လက်လုပ်ဆောင်ပေးသွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။