အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကို လက်စားပြန်ချေမဲ့ အစ္စရေးရဲ့ စီမံချက်ပေါက်ကြားမှုကို အမေရိကန် ပြည်ထောင်စု က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆန်က တနင်္ဂနွေနေ့မှာ အတည်ပြုလိုက်ပါတယ်။
အစ္စရေးရဲ့ လက်စားချေတိုက်ခိုက်ရေး စီမံချက်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေဟာ ပြီးခဲ့တဲ့ အပတ်က အွန်လိုင်းပေါ်မှာ ပေါက်ကြားသွားခဲ့တာပါ။
အဲဒီမှတ်တမ်းတွေမှာ အီရန်ကို တိုက်ခိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အစ္စရေးက စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာတွေကို နေရာရွှေ့နေတာကို ပြတဲ့ ဂြိုဟ်တုထောက်လှမ်းရေး ပုံရိပ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ထိပ်တန်း လျှို့ဝှက်အဆင့် သတ်မှတ်ထားတဲ့ အဲဒီ စစ်ရေးသတင်းကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ နယူးဇီလန်၊ ဩစတြေးလျတို့နဲ့ စုဖွဲ့ထားတဲ့ (The Five Eyes) ထောက်လှမ်းရေးမဟာမိတ်အဖွဲ့အတွင်းမှာပဲ အချက်အလက် မျှဝေခွင့်ရှိတာဖြစ်ပါတယ်။
အစ္စရေးနိုင်ငံဟာ အီရန်ရဲ့ တိုက်ချင်းပစ်ဒုံးကျည်နဲ့ တိုက်ခိုက်မှုကို ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ လက်တုံ့ပြန် တိုက်ခိုက်မလဲ ဆိုတဲ့အပေါ် သီတင်းပတ်များစွာ အချိန်ယူ စီစဉ်နေခဲ့တာဖြစ်ပါတယ်။
အစ္စရေး ကာကွယ်ရေးဝန်ကြီးဂေါ်လန့်က အစ္စရေးရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုဟာ တိကျပြင်းထန်တဲ့ အငိုက်ဖမ်း တိုက်ခိုက်မှုဖြစ်လိမ့်မယ်လို့ သတိပေး ထားပါတယ်။