နိုဝင်ဘာလကုန်ပိုင်းမှာ ကျင်းပမယ့် ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ စပိန်တင်းနစ်သမား နာဒယ်က အောက်တိုဘာ ၁၀ ရက်နေ့က အတည်ပြုခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ် နာဒယ်ဟာ ဂရင်းစလမ်ချန်ပီယံဆုကို ၂၂ ကြိမ်ရရှိထားသူဖြစ်ပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့အတူ ရုန်းကန်နေခဲ့ရတာပါ။
ဒေးဗစ်ဖလားမှာ စပိန်အသင်းကို ကိုယ်စားပြုပြီး ကစားသမား ဘဝ နောက်ဆုံးပွဲအဖြစ် ကစားခွင့်ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိသလို နိုင်ပွဲနဲ့ ကစားသမားဘဝကို နှုတ်ဆက်ခွင့်ရဖို့ အကောင်းဆုံးကြိုးစားသွားမယ်လို့ နာဒယ်က ပြောထားပါတယ်။
ဒေးဗစ်ဖလား အသင်းလိုက် တင်းနစ်ပြိုင်ပွဲကို နိုဝင်ဘာ ၁၉ ရက်ကနေ ၂၄ ရက်အထိကျင်းပသွားမှာဖြစ်ပါတယ်။
မြေးစေးကွင်းပြိုင်ပွဲဖြစ်တဲ့ ပြင်သစ်အိုးပင်း ပြိုင်ပွဲမှာ ချန်ပီယံဆုကို စံချိန်တင်ရယူထားနိုင်တာကြောင့် မြေစေးကွင်းဘုရင်လို့ နာမည်ကြီးခဲ့တဲ့ နာဒယ်ဟာ ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ၁၁၂ ပွဲနိုင်အထိအနိုင်ယူခဲ့ပြီး ၄ ပွဲသာရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဒဏ်ရာ ပြဿနာတွေက ပြိုင်ပွဲတွေကို ဝင်ပြိုင်နိုင်ဖို့အတွက် အခက်အခဲတွေ ရှိနေတာကြောင့် အနားယူဖို့ကို စိတ်မ ကောင်းစွာနဲ့ ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့လည်း နာဒယ်က ပြောသွားခဲ့ပါတယ်။