အာဆင်နယ်အသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဆာကာဟာ ဂရိအသင်းနဲ့ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် လူစားလဲခံခဲ့ရပါတယ်။
အင်္ဂလန်အသင်းဟာ ဂရိအသင်းနဲ့ပွဲစဉ်မှာ (၂)ဂိုး၊ (၁)ဂိုးနဲ့ ရှုံးနိမ့် ခဲ့ရသလို ဆာကာကလည်း ဒဏ်ရာရခဲ့တာကြောင့် ပွဲချိန်(၅၁)မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
အသက်(၂၃)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဆာကာဟာ ပွဲချိန်အတွင်း ညာဘက်ခြေထောက် ဒဏ်ရာရခဲ့တာဖြစ်ပြီး ဒဏ်ရာရဲ့အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးကြောင်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
အင်္ဂလန်နည်းပြ ကာစလေကတော့ ဆာကာဟာ ဂရိအသင်းက ဦးဆောင်ဂိုးသွင်းယူပြီးချိန်မှာ ညာဘက်ခြေထောက်ဒဏ်ရာကို ခံစားခဲ့ရတာကြောင့် လူစားလဲခဲ့တာဖြစ်တယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းရဲ့ကစားသမားတွေဖြစ်ကြတဲ့ ဟယ်ရီကိန်းနဲ့ ဂရီလစ်ရှ်တို့ကလည်း ဒဏ်ရာပြဿနာကြောင့် ဂရိအသင်းနဲ့ပွဲစဉ်ကို လွဲချော်ခဲ့ရသလို ဆာကာ အခုလိုမျိုးဒဏ်ရာရသွားခဲ့တာက အသင်းအတွက်လည်း အားနည်းချက် ဖြစ်သွားခဲ့ရပါတယ်။