ကစားသမားအများစု ဒဏ်ရာပြဿနာရှိနေတဲ့ အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ပြင်ဆင်မှုတွေကို အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့ပါတယ်။
ဗင်နီဇွဲလားအသင်းနဲ့ ကစားရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အာဂျင်တီးနားအသင်းဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ပြင်ဆင်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရမှတ် ၁၈ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အာဂျင်တီးနားအသင်းဟာ လာမယ့် ကြာသပတေးနေ့မှာ ဗင်နီဇွဲလားအသင်းနဲ့ ကစားရမှာဖြစ်ပြီး နောက် ၅ ရက်အကြာမှာ ဘိုလီးဗီးယားအသင်းနဲ့ ဗြူနိုအေးရီးစ်မြို့မှာ ကစားရမှာဖြစ်ပါတယ်။
အာဂျင်တီးနား အသင်းလူစာရင်းကနေ တောင်ပံတိုက်စစ်မှူး ဂါနာချိုနဲ့ နောက်ခံလူ အကူနာတို့ နုတ်ထွက်ခဲ့ကြသလို ပြီးခဲ့တဲ့ တစ်ပတ်ကလည်း တိုက်စစ်မှူး ဒိုင်ဘာလာနဲ့ တောင်ပံကစားသမား ဂွန်ဇာလက်ဇ်တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် လက်ရွေးစင်အသင်းလူစာရင်းကနေ ချန်လှပ်ထားခဲ့ရတာပါ။
အာဂျင်တီးနားအသင်းရဲ့ ဦးစားပေးဂိုးသမား မာတီနက်ဇ်ကလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လာမယ့် ပွဲစဉ် ၂ ပွဲကို လွဲချော်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ အသင်းခေါင်းဆောင် မက်ဆီကတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပြီး လာမယ့် ခြေစစ်ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။