ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အီတူးကို ကင်မရွန်းလက်ရွေးစင်အသင်းရဲ့ ပွဲစဉ်တက်ရောက်ကြည့်ရှုခွင့် ၆ လ ပိတ်လိုက်တယ်လို့ ဖီဖာက သတင်းထုတ်ပြန်လိုက်ပါတယ်။
ကင်မရွန်းလက်ရွေးစင်ဟောင်း အီတူးဟာ ၂၀၂၁ ခုနှစ် ကတည်းက ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခဲ့တာဖြစ်ပြီး အခုလို ပွဲပယ်ပြစ်ဒဏ်ကြောင့် ကင်မရွန်းလက်ရွေးစင်အသင်းအပြင် အမျိုးသမီးအသင်းနဲ့ သက်တမ်းအလိုက်အသင်းတွေရဲ့ ပွဲစဉ်တွေကိုပါ ကြည့်ရှုခွင့်ရတော့မှာ မဟုတ်ပါဘူး။
၂၀၂၄ စက်တင်ဘာ ၁၁ ရက်နေ့က ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့မှာ ကစားခဲ့တဲ့ ဘရာဇီးနဲ့ ကင်မရွန်းအသင်းတို့ရဲ့ ဖီဖာ ယူ-၂၀ အမျိုးသမီးကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်အပြီးမှာ အီတူးဟာ ရိုင်းစိုင်းတဲ့အပြုအမူတွေနဲ့ ဖီဖာရဲ့ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး အခုလိုမျိုး ပွဲပိတ်ပြစ်ဒဏ် ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။
အသက် ၄၃ နှစ်အရွယ် အီတူးဟာ လွန်ခဲ့တဲ့ ၃ လခန့်ကလည်း အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရ သေးတာလည်း ဖြစ်ပါတယ်။
ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ အီတူးရဲ့ ပြစ်ဒဏ်နဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။