အယ်နာဆာအသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက အခုအချိန်မှာ တစ်ဦးချင်း အကောင်းဆုံးဆုတွေထက် အသင်းလိုက်အောင်မြင်မှုကိုသာ အာရုံစိုက်ထားတယ်လို့ အောက်တိုဘာလ(၁)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အသက်(၃၉)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ တစ်ဦးချင်းဆုတွေကို အများအပြား ရရှိခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ အသင်းလိုက်အောင်မြင်မှုတွေကိုသာ ပိုမိုရယူချင်နေခဲ့တာပါ။
စံချိန်တွေ၊ တစ်ဦးချင်းအကောင်းဆုံး ဆုတံဆိပ်တွေဆိုတာက ကစားသမားဘဝမှာ အရေးပါတယ်ဆိုပေမဲ့ နိုင်ပွဲရဖို့ကလည်း အဓိကကျတယ်လို့ ရော်နယ်ဒိုက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်းက စံချိန်တွေကို ချိုးဖျက်နိုင်ဖို့အတွက် အဓိကထား ကစားခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ ဘောလုံးအားကစားကို ပျော်ရွှင်စွာကစားရင်း အသင်းနဲ့ အတူ နိုင်ပွဲတွေကို ရယူသွားချင်တယ်လို့ ရော်နယ်ဒိုက ဆက်လက်ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ လကမှ ကစားသမားဘဝ သွင်းဂိုးပေါင်း(၉၀၀)ပြည့်ခဲ့တာဖြစ်သလို အခုရာသီမှာလည်း အယ်နာဆာအသင်း အတွက် ပြိုင်ပွဲစုံ(၈)ပွဲကစားပြီးချိန်မှာ (၆)ဂိုးထိ သွင်းယူပေးထားပါတယ်။