အခု ဘဏ္ဍာနှစ် မေလမှာတော့ ပြည်ပနိုင်ငံတွေကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၇ သောင်းကျော် တင်ပို့ရောင်းချခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၆ သန်း ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကတော့ ပြည်ပကို ဆန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၅၅ သန်း ရရှိတဲ့အတွက် မေလမှာ ဆန်တင်ပို့မှု လျော့ကျသွားတာကို တွေ့ရပါတယ်။

မေလအတွင်း ပြည်တွင်းက ဆန်တင်ပို့တဲ့ ကုမ္ပဏီ ၄၂ ခုက ဆန်တန်ချိန် ၃ သောင်းခွဲကျော်နဲ့ ဆန်ကွဲတန်ချိန် ၃ သောင်းခွဲကျော် စုစုပေါင်း ဆန်နဲ့ ဆန်ကွဲတန်ချိန် ၇ သောင်းကျော် တင်ပို့ရောင်းချခဲ့တာဖြစ်ပါတယ်။
မေလအတွင်း ပြည်ပကို တင်ပို့ရောင်းချရာမှာတော့ ဆန်ကို အင်ဒိုနီးရှား၊ တရုတ်၊ မလေးရှား အပါအဝင် ၂၄ နိုင်ငံ၊ ဆန်ကွဲကို တရုတ်၊ ဘယ်လ်ဂျီယံ၊ UK အပါအဝင် ၁၅ နိုင်ငံကို တင်ပို့ရောင်းချခဲ့တာ ဖြစ်တယ်လို့လည်း ထုတ်ပြန် ချက်အရ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကတော့ ပြည်ပနိုင်ငံတွေကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁၆ သိန်းကျော် တင်ပို့ခဲ့တာဖြစ်ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၄၅ ဒသမ ၆၆ သန်း ရရှိခဲ့ပါတယ်။
