မန္တလေးမြို့ရှိ ဖုန်းရောင်းဝယ်ရေးဆိုင်တစ်ဆိုင်မှာ ဇွန်လ ၁၂ ရက်၊ ညနေပိုင်းက လူငယ်နှစ်ယောက် ဓားရှည်တွေ ကိုင်ဆောင်ဝင်ရောက်လာပြီး iPhone ၁၅ လုံးကို လုယက်ယူဆောင်မှု ဖြစ်ပွားခဲ့တယ်လို့ အခင်းဖြစ် Paradise ဖုန်းဆိုင် ကနေ သိရပါတယ်။
အခင်းဖြစ်စဉ်ကတော့ မဟာအောင်မြေမြို့နယ်၊ ၆၉ လမ်း နဲ့ ၃၈ လမ်းထောင့်ရှိ Paradise ဖုန်းရောင်းဝယ်ရေး ဆိုင်မှာ ဆိုင်ပိုင်ရှင်နဲ့ ဆိုင်ဝန်ထမ်းနှစ်ယောက်တို့ရှိနေစဉ် မျက်နှာ Mask တပ်ထားတဲ့ လူငယ်နှစ်ယောက် ဓားရှည်တွေ ကိုင်ဆောင်ပြီး ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဆိုင်ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြောဆိုကာ မှန်ကောင်တာနှစ်လုံးကို ရိုက်ခွဲပြီး အထဲကနေ iPhone ၁၅ လုံးကို လုယက်ယူဆောင် ထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။
အခင်းဖြစ်ပြီးနောက် သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့က ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ လုယက်ယူဆောင်သူတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။