အခုနှစ်ဘောလုံးရာသီအစပိုင်းမှာ ပုံမှန်ခြေစွမ်း ပြသနိုင်ခြင်းမရှိသေးတဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ဘက်က မန်ယူနည်းပြ တန်ဟတ် ကာကွယ်ပြောကြားလိုက်ပါတယ်။
ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ဟာ အခုရာသီ မန်ယူအသင်းရဲ့ ပွဲစဉ်တိုင်းမှာ ကစားခွင့်ရထားခဲ့ပေမယ့် သွင်ဂိုးမရသေးသလို ဂိုးဖန်တီးမှုလည်း ၁ ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုရာသီမှာ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေရှိနေတာဖြစ်ပြီး နည်းပြတန်ဟတ်ကတော့ သူ့အသင်းခေါင်းဆောင်ရဲ့ ပုံစံကောင်းကို မကြာခင်မှာ ပြန်လည်တွေ့မြင်ရလိမ့်မယ်လို့ ကာကွယ်ပြောကြားသွားခဲ့တာပါ။
ဖာနန်ဒက်စ်ရဲ့ ပုံစံကောင်း ပျောက်ဆုံးမှုဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ပွဲများစွာ ကစားပေးခဲ့ရပြီးနောက် အနားယူချိန် နည်းပါးခဲ့တာရဲ့ နောက်ဆက်တွဲရလဒ် ဖြစ်တယ်လို့လည်း တန်ဟတ်က ပြောပါတယ်။
အချက်အလက်တွေအရ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းအတွက် မိနစ်ပေါင်း ၄၀၀၀ ကျော် ကစားပေးခဲ့ရပြီးနောက် ယူရို ၂၀၂၄ မှာ ပေါ်တူဂီအသင်းနဲ့အတူ ပွဲတွေ ဆက်တိုက် ကစားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။