စက်တင်ဘာလအတွင်း ဒုတိယအကြိမ်ရေကြီးရေလျှံမှုဟာ အချိန်ကာလကြာမြင့်နေတာကြောင့် မိုးသီးနှံထိခိုက်ပျက်စီးမှုတွေများပြားလာနိုင်တဲ့အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမထိခိုက်စေဖို့ ဆောင်းသီးနှံနဲ့နွေစပါးကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားရမှာဖြစ်ပြီး အောင်ရေပေးတဲ့တမံတွေမှာလည်း ရေဝင်ရောက်မှုကို ပိုမိုသိုလှောင်သိမ်းဆည်းဖို့လိုအပ်တယ်လို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းကပြောပါတယ်။
စက်တင်ဘာလ(၂၅)ရက်ကပြုလုပ်တဲ့ တိုင်းဒေသကြီးအတွင်းရေကြီးရေလျှံမှုကြောင့် သီးနှံတွေထိခိုက်ပျက်စီးခဲ့တဲ့ ဧရိယာတွေမှာပြန်လည်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလိုပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း ပထမအကြိမ်ရေကြီးခဲ့စဉ်က မိုးသီးနှံတွေထိခိုက်ပျက်စီးခဲ့ပေမယ့်လည်း အချိန်မီ ပြန်လည်ဖာထေးတာတွေနဲ့ သားတက်ပွားစိုက်ပျိုးတာတွေကိုပြုလုပ်ပြီး ရာနှုန်းပြည့်ပြန်လည်စိုက်ပျိုးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
တိုးချဲ့စိုက်ပျိုးမယ့်သီးနှံတွေအလိုက် အထွက်နှုန်းကောင်းတဲ့ မျိုးကောင်းမျိုးသန့်တွေ ဒေသတွင်းရရှိနိုင်ရေး စုဆောင်းထားရမှာဖြစ်သလို ရေဝင်ရောက်ခဲ့တဲ့လယ်မြေတွေမှာ နုန်းတင်မြေနုတွေဖုံးလွှမ်းခဲ့တာကြောင့် မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲနဲ့ အစေ့ထုတ်ပြောင်းတွေအတွက် ပိုမိုအဆင်ပြေနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
ဒီအတွက် ဒေသခံတောင်သူတွေကို ကြိုတင်အသိပညာပေးတာအပြင် ဒေသရေမြေသဘာဝနဲ့ကိုက်ညီတဲ့ အထွက်နှုန်းကောင်းတဲ့ မျိုးကောင်းမျိုးသန့်တွေရရှိနိုင်ရေး ဆောင်ရွက်ပေးသွားရမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။