အာဆီယံအပေါင်းသုံး အရေးပေါ်အရန်ဆန်ရိက္ခာအစီအစဉ်နဲ့ အရန်ဆန်တန်တစ်ထောင်ကျော်ကို ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီစတဲ့ တိုင်းဒေသကြီး(၄)ခုတို့မှာ လှူဒါန်းသွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန စပါးသီးနှံဌာနခွဲကနေသိရပါတယ်။
အာဆီယံအပေါင်းသုံး အရေးပေါ်အရန်ဆန်ရိက္ခာအစီအစဉ်ဟာ နိုင်ငံတကာမှာ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာရင် အရေးပေါ်အခြေအနေမှာ ဆန်ရိက္ခာကိုဖြန့်ဖြူးလှူဒါန်းတဲ့ အစီအစဉ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အိမ်ရှင်နိုင်ငံအဖြစ် သတ်မှတ်ဆန်ပမာဏကိုသိုလှောင်ထားပြီး ပြီးခဲ့တဲ့နှစ်က ကိုရီးယာနိုင်ငံကလှူဒါန်းတဲ့ ၃၂၅၀ တန်ကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သန်လျင်သိုလှောင်ရုံနဲ့ တရုတ်နိုင်ငံကလှူဒါန်းတဲ့ တန်ချိန် ၂၀၀ ကို နေပြည်တော်က ပျဉ်းမနားသိုလှောင်ရုံမှာ သိုလှောင်ထားတယ်လို့သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လတုန်းကတော့ အာဆီယံအပေါင်းသုံး အရေးပေါ်အရန်ဆန်ရိက္ခာအစီအစဉ်နဲ့ အရန်ဆန် ၂၄၄၇ ဒသမ ၂၉ တန်ကိုတိုင်းဒေသကြီးနဲ့ ပြည်နယ်(၈)ခုကို လှူဒါန်းခဲ့တယ်လို့သိရပါတယ်။