လက်ရှိ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ ဆက်ရှိနေတယ်လို့ စက်တင်ဘာလ ၂၄ ရက် မြန်မာစံတော်ချိန်မနက်(၇)နာရီအချိန်မှာထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်း ထုတ်ပြန်ချက်အရသိရပါတယ်။ အဲဒီလေဖိအားနည်းဆဲလ်ဟာ အနောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ပြီး နောက်(၂၄)နာရီအတွင်းမှာတော့ တစ်ဆင့်တက်ကာလေဖိအားနည်းရပ်ဝန်းအဖြစ်ကို ရောက်နိုင်တယ်လို့ဆိုပါတယ်။
လေဖိအားနည်းဆဲလ်ရဲ့အရှိန်နဲ့ မုတ်သုံလေအားကောင်းနေတာတို့ကြောင့် စက်တင်ဘာ(၂၄)ရက်မနက်ကနေ နောက်တစ်ရက်ဖြစ်တဲ့ စက်တင်ဘာ(၂၅)ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့အပါအဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်အများစုမှာ နေရာစိပ်စိပ်နဲ့ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တာ၊ နေရာကွက်ပြီး မိုးကြီးတာတွေနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ထုတ်ပြန်ပါတယ်။
မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝ ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီး၊ ရေလျှံမှုအန္တရာယ်၊ ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ လေကြောင်းပျံသန်းရေးတို့အနေနဲ့ ကြိုတင်သတိပြုသွားလာဖို့ သတိပေးနှိုးဆော်ထားပါတယ်။