ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကလှူဒါန်းတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး(OCV) ၂ ဒသမ ၄၅ သန်း dosesဟာ စက်တင်ဘာ ၁၇ ရက်နဲ့ ၁၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။
အခုရောက်ရှိလာတဲ့ကာကွယ်ဆေးတွေရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၅ သန်းကျော်ရှိတယ်လို့ဆိုပါတယ်။ အဲဒီဆေးတွေကို ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနဲ့တာဝန်ရှိသူတွေကလက်ခံရယူပြီး ဗဟိုကာကွယ်ဆေးအအေးခန်း(ရန်ကုန်)ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒီကာကွယ်ဆေးတွေကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်မှုဖြစ်ပွားခဲ့တဲ့မြို့နယ်တွေက စာသင်ကျောင်းတွေ၊ သင်တန်းကျောင်းတွေ၊ ဘော်ဒါဆောင်တွေ၊ ဘုန်းတော်ကြီးပညာသင်ကျောင်းတွေ၊ သီလရှင်ကျောင်းတွေ၊ ပရဟိတဂေဟာကျောင်းတွေ၊ ဘာသာရေးကျောင်းတွေ၊ မိဘမဲ့ကျောင်းတွေ၊ ဘိုးဘွားရိပ်သာတွေ၊ ကယ်ဆယ်ရေးစခန်းတွေ၊ ဈေးတွေ၊ စားသောက်ဆိုင်တွေ၊ စက်ရုံအလုပ်ရုံတွေ၊ အကျဉ်းထောင်တွေ၊ လူနေထူထပ်ပြီး ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းတဲ့နေရာတွေမှာ ဦးတည်အုပ်စုအလိုက် တိုက်ကျွေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လတုန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဒေါပုံမြို့နယ်အပါအဝင် မြို့နယ်တချို့မှာပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားခဲ့တာဖြစ်ပါတယ်။