ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တွေရဲ့ ပေဂျာတွေ စက်တင်ဘာ ၁၇ ရက်က ရုတ်တရက် ပေါက်ကွဲမှုတွေ ဖြစ်တဲ့အတွက် လက်ဘနွန်ပါလီမန်အမတ်တစ်ယောက်ရဲ့သား အပါအဝင် အနည်းဆုံး လူ ၉ ယောက် သေဆုံးပြီး လူပေါင်း ၂၇၅၀ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဘိပါလို့လည်း သိကြတဲ့ အက္ခရာနဲ့ ဂဏန်းတွေ ဒါမှမဟုတ် အသံမက်ဆေ့ဂျ် တွေကို လက်ခံပြသနိုင်တဲ့ ကြိုးမဲ့ဆက်သွယ်ရေးကိရိယာ ပေဂျာတွေ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေထဲမှာ လက်ဘနွန်ဆိုင်ရာ အီရန်သံတမန်တွေလည်း ပါဝင်ခဲ့ပါတယ်။
အဲဒီပေဂျာတွေ ဖောက်ခွဲခံရမှုဟာ အစ္စရေးနဲ့ တိုက်ခိုက်မှုတွေဖြစ်နေတဲ့ တစ်နှစ်နီးပါးအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အကြီးမားဆုံး လုံခြုံရေး ကျိုးပေါက်မှု ဖြစ် တယ်လို့ အမည်မဖော်လိုတဲ့ ဟစ်ဇ်ဘိုလာအရာရှိတစ်ယောက်က ပြောဆိုခဲ့ပါတယ်။

ပေဂျာတွေကို ဖောက်ခွဲတာ ဟာ အစ္စရေးလက်ချက်လို့ ဟစ်ဇ်ဘိုလာက အပြစ်တင်ပြီးနောက် လက်တုံ့ပြန်မယ်လို့ ကတိပြုခဲ့ပါတယ်။ အရေး ပေါ် ကုသဖို့ ရောက်လာတဲ့ ဒဏ်ရာရသူ အများအပြားကို ကုသပေးနဲ့ ဆေးဘက်ဝန်ထမ်းအားလုံး သက်ဆိုင်ရာ ဆေးရုံတွေဆီ အမြန်သတင်းပို့ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံ အကျပ်အတည်းကိုင်တွယ်ရေး စင်တာက တောင်းဆိုခဲ့ပါတယ်။
ကနဦး ပေါက်ကွဲမှုတွေအပြီး မိနစ် ၃၀ အကြာမှာ လက်ဘနွန်တောင်ဘက် မှာလည်း ပေဂျာပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ ရိုက်တာရဲ့ စုံစမ်းမေးမြန်းမှုကို အစ္စရေးစစ်တပ်က ချက်ခြင်း မှတ်ချက်ပေးတာ မရှိပါဘူး။