နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၁၆ ရက်၊ ညနေ ၄ နာရီအထိစာရင်းအရ ပြည်သူ ၂၂၆ ယောက်သေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ ယောက်ရှိတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။
နေပြည်တော်အပါအဝင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅၆ မြို့နယ်က ရပ်ကွက်/ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာလို့ဆိုပါတယ်။
ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့တဲ့ မြို့နယ်တွေမှာ လူနေအိမ် ၂၁၁၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၁၅၈၃၇၃ လုံး ရေဝင်နစ်မြုပ်ခဲ့တယ်လို့လည်းထုတ်ပြန်ချက်အရသိရပါတယ်။
ရေဘေးကြုံတွေ့ခဲ့ရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ရေဘေးကယ်ဆယ်ရေးစခန်း ၄၃၈ ခု ဖွင့်လှစ်ပြီး အိမ်ထောင်စု ၄၂၈၅၈ စု၊ လူဦးရေ ၁၆၃၇၁၀ ကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် နေပြည်တော်အပါအဝင် တိုင်ဒေသကြီးနဲ့ ပြည်နယ်အချို့မှာ ရေကြီးရေလျှံမှုတွေကြောင့် စက်တင်ဘာ ၁၆ ရက်၊ ညနေ ၄ နာရီအထိ စာရင်းတွေအရ ရုံး/ဌာန အဆောက်အအုံ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၃၈၆ လုံး၊ လမ်း/ တံတားအချို့ ၊ လျှပ်စစ်မီးတိုင်နဲ့ ဆက်သွယ်ရေးတိုင်တွေရေဝင်နစ်မြုပ်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့သလို တိရစ္ဆာန် အကောင် ၁၃၀၀၀၀ နီးပါးသေဆုံးပြီး စပါးနဲ့ သီးနှံမျိုးစုံဧကခြောက်သိန်းခွဲနီးပါး ရေဝင်နစ်မြုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။