နေပြည်တော်၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တွေရှိ မြို့နယ်အချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ ကျေးရွာ/ ရပ်ကွက်တွေက ရေဘေးသင့်ပြည်သူတွေကို စက်တင်ဘာ ၁၄ ရက်မှာ ကူညီကယ်ဆယ်ရွှေ့ပြောင်းတာတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း၊ တောင်ငူ၊ ရေတာရှည်နဲ့ ထန်းတပင်မြို့နယ်တွေရှိ ကျေးရွာ ၁၀ ရွာက ရေဘေးသင့်ပြည်သူတွေကို ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး စက်တင်ဘာ ၁၄ ရက်မှာ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးတဲ့လုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်၊ သစ်ကိုးပင်ရွာနဲ့ ဧလာနယ်မြေ၊ ကွမ်းခြံရွာနဲ့ လက်ပံကုန်းရွာတွေက ရေဘေးသင့်ပြည်သူတွေကိုလည်း စက်တင်ဘာ ၁၄ ရက်မှာ မီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းပြီးရေဘေးလွတ်ရာကို ကူညီကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ၅ ခု နဲ့ ကျောက်ဆည်နဲ့တံတားဦးမြို့နယ်ရှိ ကျေးရွာ ၉ ရွာက ရေဘေးသင့်ပြည်သူတွေကို စက်တင်ဘာ ၁၄ ရက်မှာ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးတာနဲ့ စားရေရိက္ခာပစ္စည်းတွေကို ကယ်ဆယ်ရေးစခန်းတွေဆီ ပို့ဆောင်ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်မှာ ရေမြင့်တက်ဝင်ရောက် နေတဲ့ ရပ်ကွက် ၄ ခုက ရေဘေးသင့်ပြည်သူတွေကိုလည်းစက်တင်ဘာ ၁၄ ရက်မှာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ရေဘေးလွတ်ရာကို ကူညီကယ်ဆယ် ရွှေ့ပြောင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့