နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးသွားတဲ့တံတားတွေကို ယာယီဘေလီ တံတားထိုးပြီး ပြန်လည်ပြင်ဆင်တာနဲ့ လမ်းတွေကိုရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာနကသိရပါတယ်။
အများပြည်သူ သွားလာရေးအဆင်ပြေစေဖို့နဲ့ လမ်းပန်းဆက်သွယ်ရေးမပြတ်တောက်စေရေး အမြန်ဆုံးပြင်ဆင် ဆောင်ရွက်သွားဖို့ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က စက်တင်ဘာ ၁၃ ရက်က နေပြည်တော်အတွင်း ပျက်စီးသွားတဲ့လမ်း၊ တံတားတွေအရေးပေါ် ပြန်လည် ပြင်ဆင်ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးရာမှာမှာကြားခဲ့ပါတယ်။
ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် ၂၄၅ မိုင်၊ ၇ ဖာလုံရှိ နဝင်းချောင်းတံတား(အဆုံတံတား)နဲ့ ဆင်သေချောင်းတံတား(ပုပ္ပါးကုန်း)တွေ ချောင်းရေတိုက်စားတာကြောင့် ပျက်စီးသွားတဲ့တံတားချဉ်းကပ်လမ်း၊ တံတားထိပ်ခုံနဲ့ လမ်းတာပေါင်နေရာကို ဘေလီတံတားထိုးပြီး ယာယီပြင်ဆင်ဆောင်ရွက်ပြီးစီးရင် အများပြည်သူအသုံးပြုနိုင်ရေး ဖွင့်လှစ်ပေးဖို့နဲ့ ပြုပြင်ဖို့လိုအပ်ရင် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ပေးသွားဖို့ကိုလည်းမှာကြားခဲ့ပါတယ်။
ပုဗ္ဗသီရိမြို့နယ်နဲ့ ဇေယျာသီရိမြို့နယ်တွေကို ဆက်သွယ်ထားတဲ့လမ်းပေါ်က ဆင်သေချောင်းတံတားရဲ့ ပျက်စီးနေတဲ့နေရာတွေကို ယာယီဘေလီတံတားထိုးပြီးပြုပြင်နေရာ အများပြည်သူလမ်းပန်းဆက်သွယ်မှုမပြတ်တောက်ရေး အမြန်ပြီးစီးရေး တွန်းအားပေးဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။