ရေကြီးရေလျှံမှုတွေကြောင့် နေအိမ်၊ လမ်းတံတား၊ အခြေခံအဆောက်အအုံ ပျက်စီးမှုတွေ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေပြန်လည်ထူထောင်ရေးကို ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကပြောပါတယ်။
စက်တင်ဘာ ၁၃ ရက်က သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန(DMC)မှာကျင်းပတဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ကော်မတီဒုတိယဥက္ကဋ္ဌ(၁)တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောကြားခဲ့တာပါ။
တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြိုးစားဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။
ရေဘေးသင့်သူတွေအတွက် လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေနဲ့ ကဏ္ဍအလိုက်ထိခိုက်ပျက်စီးမှုတွေကို အထက်အဆင့်ဆင့်ကိုအချိန်နဲ့တစ်ပြေးညီတင်ပြတာ၊ လမ်းညွှန်မှုခံယူအကောင်အထည်ဖော်တာတွေကို ထိရောက်စွာဆောင်ရွက်ဖို့ကိုလည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကပြောပါတယ်။
ဆက်လက်ပြီး ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်နေတဲ့ နေရာဒေသတွေအလိုက် သတင်းအချက်အလက် လွယ်ကူလျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဆည်မြောင်း၊ တာတမံတွေနဲ့ပတ်သက်ပြီး အသိပေးချက်တွေ သတင်းအချက်အလက်တွေကို ပြည်သူတွေ လက်လှမ်းမီသိရှိရေး မြစ်ရေကြီးမှုအပါအဝင် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိတဲ့ မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဖော်ပြကြေညာသွားဖို့ကိုလည်း ဆွေးနွေးပြောကြားခဲ့ပါတယ်။