မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ကနေ အရေးယူမယ့်အပေါ် ပြိုင်ဘက်အသင်းတွေက အလိုရှိနေကြတယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက စက်တင်ဘာလ(၁၃)ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းပေါင်း (၁၁၅)ချက်ကို ဖောက်ဖျက်ကျူးလွန်ထားတဲ့ မန်စီးတီးအသင်းရဲ့အမှုကို လာမယ့်စက်တင်ဘာလ (၁၆)ရက်နေ့မှာ စတင်ကြားနာသွားမှာဖြစ်သလို မန်စီးတီးနည်းပြ ဂွာဒီယိုလာကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အခုလိုပြောကြားခဲ့တာပါ။
မန်စီးတီးအသင်းဟာ (၂၀၀၉-၂၀၁၀)ဘောလုံးရာသီမှစတင်ကာ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းပေါင်း(၁၁၅)ချက်ကို ချိုးဖျက်ခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက တရားဝင်ထုတ်ပြန်ခြင်းကို ခံခဲ့ရတာပါ။
နည်းပြဂွာဒီယိုလာကတော့ အခုလိုကြားနာမှုစတင်မှာကို ကြိုဆိုသွားခဲ့ပြီး မန်စီးတီးအနေနဲ့ အမှား အယွင်းပြုလုပ်ထားတာမျိုး မရှိဘူးဆိုတာ ယုံကြည်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီကြားနာမှုကို လာမယ့် စက်တင်ဘာလ(၁၆) ရက်နေ့ကစတင်မှာဖြစ်ပြီး (၁၀)ပတ်ခန့် ကြာမြင့်ဖွယ်ရှိနေတာကြောင့် (၂၀၂၅)နှစ်ဆန်းပိုင်း မှသာ အပြီးသတ်ဖွယ်ရှိနေတယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
မန်စီးတီးအသင်းအနေနဲ့ ဒီအမှုမှာအပြစ်ရှိကြောင်း ဆုံးဖြတ်ခံရမယ်ဆိုရင် ရမှတ်လျှော့ပြစ်ဒဏ်အပြင် တန်းဆင်းပြစ်ဒဏ်ကိုပါ ကျခံရဖွယ် ရှိနေပါတယ်။