ထိုင်းနိုင်ငံမြောက်ပိုင်းက စီးပွားရေးအချက်အချာကျတဲ့ ချင်းရိုင် ပြည်နယ်မှာ ရေဘေးသင့်ပြည်သူတွေကို တာဝန်ရှိ သူတွေက ကယ်ဆယ် နေရာရွှေ့ပြောင်းပေးနေပါတယ်။
ကော့(ခ်)မြစ်ရေ ဆက်လက် လျှံတက်လာနေပြီး ဒေသတွင်း ရေကြီးနေမှုက ခါးလောက်ထိကို ရောက်ရှိနေတာပါ။
အဲဒီလို ရေကြီးနေတာကြောင့် မွမ်းခရိုင်ထဲမှာ လမ်းတွေနဲ့ တံတားတွေကို ပိတ်ကြောင်း တာဝန်ရှိသူတွေက ကြာသပတေးနေ့ မနက်ပိုင်းမှာ ကြေညာထားပါတယ်။
ဒီအတွက် မဲဖလွမ်းချင်းရိုင် နိုင်ငံတကာလေဆိပ်ကို သွားတဲ့ လမ်းတွေ၊ ဖိုခွန်လမ်းဆုံနဲ့ ပြည်နယ်ခန်းမကို သွားတဲ့ လမ်းတွေဟာ အသွားအလာ ပြတ်တောက်သွားပါတယ်။
မြင့်တက်လာတဲ့ ရေရဲ့ ရေစီးအားသန်လာ တာကြောင့် ဒေသခံတွေ ကြံ့ကြံ့ခံနိုင်ဖို့ ခက်ခဲလာနေပြီး ကယ်ဆယ်ရေးတွေကိုလည်း ဗုဒ္ဓဟူးနေ့ ညပိုင်းကစပြီး ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။
မဲဖလွှမ်းချင်းရိုင် နိုင်ငံတကာ လေဆိပ်ကတော့ လေဆိပ်လုပ်ငန်းတွေ ဆက်လက် လည်ပတ်နေပြီး လေကြောင်းလိုင်းတွေက သတ်မှတ်လေကြောင်းခရီးစဉ်တွေကို ဘယ်လိုဆက်လုပ်သွားမလဲဆိုတဲ့အပေါ် သီးခြား ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဗီယက်ဂျက်နဲ့ လိုင်းယွန်း လေကြောင်း လိုင်းတို့ကတော့ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းထားပြီး ကျန်တဲ့ လေကြောင်းလိုင်းတွေက ခရီးသည်တွေ အနေနဲ့ ခရီးစဉ် ရက်တွေကို ငွေထပ်ဆောင်းပေးစရာမလိုဘဲ ပြောင်းလဲနိုင်ကြောင်း ကြေညာထားကြပါတယ်။
ချင်းရိုင် ပရာချန်နူကရော ဆေးရုံကလည်း အရေးပေါ်လူနာတွေကိုပဲ လတ်တလောမှာ လက်ခံကုသပေးမယ်လို့ ကြာသပတးနေ့မှာ ထုတ်ပြန်ပါတယ်။
ရေကြီးရေလျှံမှုကြောင့် ချင်းရိုင်ပြည်နယ်တွင်းက ခရိုင်(၆)ခုမှာ အိမ်ထောင် စုပေါင်း (၁၀၀၀၀)ကျော်ဟာ ရေဘေးဒဏ်နဲ့ ရင်ဆိုင်နေရပြီး မဲဖလွှမ်းခရိုင်မှာတော့ ရေဘေးဖြစ်စဉ်အတွင်း သေဆုံးသူ (၃) ယောက်ရှိထားပါတယ်။