မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ အနောက်မြောက်ပိုင်းဒေသတွေမှာဖြစ်ပေါ်ခဲ့တဲ့ လေပွေလှိုင်းအရှိန်ကြောင့် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာမိုးကြီးတာနဲ့လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ စက်တင်ဘာလ ၁၂ ရက် မနက်ပိုင်းထုတ်ပြန်တဲ့ အထူးမိုးလေဝသထုတ်ပြန်ချက်အရသိရပါတယ်၊၊
လေပွေလှိုင်းဟာ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးမြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာ ဆက်လက်တည်ရှိနိုင်ပြီး နောက်(၃၆)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းကို ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်၊၊
အဲဒီလေပွေလှိုင်းရဲ့အရှိန်ကြောင့် စက်တင်ဘာလ ၁၂ ရက် မနက်ပိုင်းကနေ စက်တင်ဘာလ ၁၅ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ဆိုပါတယ်၊၊
အဲဒီအပြင် ဒေသအလိုက်မိုးကြီးနိုင်တာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး နေရာကွက်မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်၊၊